ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို ကူညီမည့် မည်သည့်အဖွဲ့အစည်းကိုမဆို လုပ်ထုံးလုပ်နည်းနှင့်အညီ သတင်းပို့လာပါက နိုင်ငံတော်အစိုးရအနေဖြင့် ကြိုဆိုလက်ခံသွားမည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဧပြီ ၃ ၊ ၂၀၂၅
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုကို
ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့် မည်သည့်အဖွဲ့အစည်းကိုမဆို လုပ်ထုံးလုပ်နည်းနှင့်အညီ သတင်းပို့လာပါက
နိုင်ငံတော်အစိုးရအနေဖြင့် ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်
ဇော်မင်းထွန်းက ပြောသည်။
“နိုင်ငံတကာ
ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပေးခြင်း၊ အကြောင်းကြားခြင်းများ
ဆောင်ရွက်ရခြင်းဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် ယခုအချိန်
တွင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်နေရသည့်အပြင်
လက်နက်ကိုင်သောင်းကျန်းသူများ၏ အန္တရာယ်လည်းရှိသည့်အတွက် လက်နက်ကိုင် အဖွဲ့များ၏
နိုင်ငံရေးအမြတ်ထုတ်လိုမှုများရှိသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့်
အကောင်းဆုံးဖြစ်စေရေး ချိန်ဆ၍ ဆောင်ရွက်နေရသည်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁
ရက်နေ့ ည ၉ နာရီချိန်ခန့်တွင် မော်တော်ယာဉ် ၉ စီးခန့်ပါဝင်သည့်ယာဉ်တန်းသည် နောင်ချိုမြို့ဘက်မှထွက်ခွာလာခဲ့ပြီး
အုန်းမတီးရွာအနီးအရောက်တွင် တပ်မတော်လုံခြုံရေးအဖွဲ့များမှ လိုအပ်သည့်
လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများဆောင်ရွက်နိုင်ရေး မီတာ ၂၀၀ ဝန်းကျင်အကွာမှစ၍
တားဆီးခဲ့ရာ ရပ်တန့်ခဲ့ခြင်း မရှိသောကြောင့် မီတာ ၁၀၀ ခန့်အကွာသို့ အရောက်တွင်
သေနတ်အား မိုးပေါ်ထောင်၍ ၃ ချက်ပစ်ဖောက်ခဲ့သဖြင့် အဆိုပါယာဉ်တန်းမှာ
နောင်ချိုမြို့ဘက်သို့ ပြန်လှည့်သွားကြောင်း သိရသည်။
အဆိုပါယာဉ်တန်းသည် မြန်မာကားနံပါတ်
ကုန်တင်ကားများဖြစ်ပြီး တရုတ်နိုင်ငံက ကူညီကယ်ဆယ်ရေးဟုဆိုကာ လူမှုကွန်ယက်တွင်
ပျံ့နှံနေခြင်းဖြစ်ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ
ပြောရေးဆိုခွင့်ရှိသူက ယင်းယာဉ်တန်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး
၎င်းတို့နိုင်ငံမှဖြစ်ကြောင်း အတည်မပြုထားပေ။
ဗိုလ်ချုပ်
ဇော်မင်းထွန်းက “ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံရေးအမြတ်ထုတ်လိုသည့်
အဖွဲ့အစည်းများ၏ ကောလဟလ သတင်းထုတ်လွှင့်ချက်များကို ပြည်သူများအနေဖြင့်
အထူးဂရုစိုက် ကြရန်လိုပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပါဝင်ဆောင်ရွက်လိုသည့်
မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လုပ်ထုံးလုပ်နည်းများအတိုင်း အကြောင်းကြားသတင်းပို့
လာပါက နိုင်ငံတော်အစိုးရအနေဖြင့် အမြဲတမ်းလက်ကမ်းကြိုဆိုသွားမှာဖြစ်တယ်”ဟု
ပြောသည်။
လက်ရှိတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက်
တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊
ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန် ၊
တရုတ်(ဟောင်ကောင်) စသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လေကြောင်းမှ ကူညီထောက်ပံ့မှု
လေယာဉ် ၅၃ စီး၊ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၉၁၅ ဦး ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကာ
ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃၅၄ တန်ကျော် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၄၉၅ တန်ကျော်
ရောက် ရှိပြီးဖြစ်ကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ
Comments
Post a Comment