Skip to main content

 

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းနှင့် ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းများတွင် ရေကြီးရေကျော်နေသဖြင့် ရထားခရီးစဉ်များ ယာယီဖျက်သိမ်း











The Pillar Media(ထောက်တိုင် မီဒီယာ)
နေပြည်တော် ဇူလိုင် ၃၀


လက်ရှိမိုးရာသီကာအတွင်း ဇူလိုင် ၂၇ ရက်မှစ၍ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း၌ မိုးသည်းထန်စွာရွာသွန်းလျှက်ရှိပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာ့မီးရထား၏ ရန်ကုန် - မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ဘုရားကြီးဘူတာအကြား နှင့် ပဲခူး - မော်လမြိုင်လမ်းပိုင်းရှိ ပဲခူးဘူတာ - ကလိဘူတာအကြားတို့တွင်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ် - ဟင်္သာတ - ကြံခင်းရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီး ထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာအချို့တွင်လည်းကောင်း ရထားသံလမ်း အပေါ်သို့ ရေကျော်တက်နေခြင်း၊ ရထားတံတားအချို့၏ ရေလည်တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားခံရခြင်းတို့ ကြုံတွေ့ရလျက်ရှိသည်။


အထက်ပါ သဘာဝဘေးအန္တရာယ်ကြောင့် ရထားလမ်းနှင့် တံတားများပေါ်ရှိ သံလမ်း မျက်နှာပြင်အထက် ၉ လက်မကျော် ရေကျော်နေသဖြင့် မြန်မာ့မီးရထားအနေဖြင့် ဇူလိုင် ၂၈ ရက်က ရန်ကုန် - မန္တလေးလမ်းပိုင်း၌ အဆန်အထူးရထား ခရီးသည် ၁၀၆ ဦးကို ပဲခူးမှ ပဲနွယ်ကုန်းဘူတာအထိ RBE ရထားတွဲဆိုင်းဖြင့် ပြောင်းရွှေ့ပေးပြီး အမှတ် ၁၂ အစုန်ရထား တွဲဆိုင်းဖြင့် မန္တလေးသို့ပို့ဆောင်ပေးခြင်း၊ အမှတ် ၁၂ အစုန်ရထားစီးခရီးသည် ၁၁၆ ဦးကို အဆိုပါ RBE တွဲဆိုင်းဖြင့် ပဲနွယ်ကုန်းဘူတာမှ ပို့ဆောင်ပြီး ဘုရားကြီးဘူတာမှတစ်ဆင့် မော်တော်ယာဉ်ကြီးနှစ်စီးဖြင့် ရန်ကုန်ဘူတာသို့ ဆက်လက်ပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ အလားတူပင် မော်လမြိုင်မှ ထွက်ခွါလာသည့် အမှတ် ၈၂ အစုန် အမြန်ရထားဖြင့် လိုက်ပါလာသော ခရီးသည် ၄၆၃ ဦးအား ပဲခူးဘူတာမှ RBE ရထားတွဲဆိုင်းဖြင့် ကလိဘူတာသို့ သွားရောက်ခေါ်ယူပြီးနောက် ပဲခူးဘူတာမှတစ်ဆင့် အထူးရထားတွဲဆိုင်းဖြင့် ညပိုင်းတွင် ရန်ကုန်ဘူတာအထိ ဆက်လက်ပို့ဆောင်သယ်ယူပေးခဲ့သည်။


 

 

မြန်မာ့မီးရထားအနေဖြင့် ဇူလိုင် ၂၉ ရက် ယနေ့နံနက်ပိုင်းတွင် ရေတိုင်းထွာချက်များအရ ပဲခူးဘူတာယာဒ်ဝင်းအတွင်း၌ ရထားစင်္ကြံသံလမ်း၏ မျက်နှာပြင်အထက် ၁၀ လက်မခန့်အထိ ရေကျော်နေခြင်း၊ ရန်ကုန် - မန္တလေးရထားနှင့် ရန်ကုန် - မော်လမြိုင်ရထားတို့ ဖြတ်သန်းသည့် ပဲခူးနှင့် ဘုရားကြီး၊ ပဲခူးနှင့်ကလိဘူတာတို့အကြား ရထားလမ်းပိုင်းရှိ တံတားအမှတ် ၆၀ ပေါ်တွင် သံလမ်းမျက်နှာပြင် အထက် ၁၅ လက်မခန့် ရေကျော်နေခြင်းတို့ကြောင့် ရထားများဖြတ်သန်း နိုင်သည့် အခြေအနေမရှိသဖြင့် လမ်းပိုင်းပိတ်ကာ ရန်ကုန် - မန္တလေး ရထားခရီးစဉ်များ၊ ရန်ကုန် - မော်လမြိုင် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားကြောင်း သိရှိရသည်။


 

 

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ် - ဟင်္သာတ - ကြံခင်း ရထားလမ်းပိုင်း တလျောက်နေရာ ၁၃ နေရာတွင် ရထားလမ်းတာပေါင်နှင့် တံတားများပေါ်၌ ရေ ၉ လက်မ ကျော်ခန့် ဖြတ်ကျော် စီးဆင်းနေသောကြောင့် မြန်မာ့မီးရထားအနေဖြင့် ဇူလိုင် ၂၇ ရက် မှစတင်၍ လူစီးရထား ခရီးစဉ်များကို ယာယီဖျက်သိမ်းထားရသည်။


မြန်မာ့မီးရထားအနေဖြင့် ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းလျက်ရှိသည့် သဘာဝဘေး အန္တရာယ်ကြောင့် ယာယီပိတ်ထားရသည့် ရေကျော်စီးဆင်းနေသော နေရာများတွင် ရေကင်းစောင့် ဝန်ထမ်းများ တာဝန်ချထား၍ စောင့်ကြည့်ခြင်း၊ ရေများပြန်လည်ကျဆင်းသွားပါက လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ ချက်ချင်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ကျောက်ကြီးများ၊ လမ်းခင်း ကျောက်များ၊ ဇလီဖားများအား အဆင်သင့်စုပုံခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရထားလမ်းပိုင်းနှင့်တံတားများ စစ်ဆေးပြုပြင်ပြီးပါက ရထားများ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲခြင်းကို စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။



#thepillarmedia 

Comments