ရွေးကောက်ပွဲတွင် ထရမ့်နိုင်လျှင် NATO တပ်ဖွဲ့က ယူကရိန်းသို့ ပံ့ပိုးမှု ရပ်တန့်နိုင်ဟုဆို

 

The Pillar Media(ထောက်တိုင် မီဒီယာ)

နိုင်ငံတကာ၊ ဇူလိုင် ၃၀ 

 

    အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်သာ အနိုင်ရလျှင် NATO  တပ်ဖွဲ့က ယူကရိန်းသို့ ပံ့ပိုးမှုရပ်တန့်နိုင်ကြောင်း Politico သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်နှင့် အပေါင်းအပါများသည် ရုရှားက ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေးဆင်နွှဲပြီး မကြာမီမှာပင် ယူကရိန်းနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ထောက်ပံ့မှုများ ပေးလာခြင်းဖြစ်သည်။

သို့သော်   ယခုအမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် အနိုင်ရလျှင် NATO အဖွဲ့ဝင်နိုင်ငံများသည် ရုရှားကို အသာပေးသည့် ဖြေရှင်းမှုကို မဖြစ်မနေ လက်ခံရမည့်   အနေအထားရှိသည်ဟု Politico သတင်းဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် NATO တပ်ဖွဲ့ဝင်နိုင်ငံများကြား သဘောထား ကွဲလွဲမှုများကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကာ ယင်းမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံအချို့က ယူကရိန်းအပေါ် ထောက်ပံ့မှု ရပ်တန့်လာစေနိုင်သည်ဟု သတင်းဌာနက ရေးသားထားသည်။

အလားတူ ယူကရိန်းကို လက်နက်များ ထောက်ပံ့ပေးနေသော နိုင်ငံများအပေါ် ရုရှားက လက်တုံ့ပြန်မှုများ လုပ်ဆောင်လာလျှင်   အမေရိကန် မပါရှိစေရေးအတွက် ထရမ့်သာ သမ္မတဖြစ်လာပါက   ၎င်း၏ အကြံပေးများက အမေရိကန် အနေဖြင့် ယူကရိန်းအရေးကို  အဆုံးသတ်စေရေး လုပ်ဆောင်ရန် တောင်းဆိုလာနိုင်ကြောင်း သတင်းဌာနက ဆက်လက်ရေးသား ဖော်ပြထားသည်။

ယင်းအပြင် အမေရိကန်၏ လုပ်ဆောင်ချက်ကို NATO တပ်ဖွဲ့ဝင်နိုင်ငံများက မလိုက်လျောပါက အမေရိကန်သည် ယင်းအဖွဲ့ဝင်နိုင်ငံများအပေါ် ကတိပေးထားသည့် ကာကွယ်ရေး အာမခံချက်များကို ပြန်လည်ရုပ်သိမ်းနိုင်ဖွယ်ရှိကြောင်း Politico သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်သမ္မတဟောင်း   ဒေါ်နယ်ထရမ့်က ယခုရွေးကောက်ပွဲ၌ ၎င်းသာ သမ္မတအဖြစ် ရွေးကောက်ခံရလျှင် ရုရှား-ယူကရိန်းပဋိပက္ခကို   ၂၄ နာရီအတွင်း ပြေလည်အောင် ဖြေရှင်းပေးမည်ဟု ကတိပေးထားကြောင်း သိရသည်။



#thepillarmedia 

Comments