ရုရှားက စစ်ရေယာဉ်အစင်း ၂၀၀ ကျော်ဖြင့် ရေတပ်နေ့စစ်ရေးပြ အခမ်းအနား ကျင်းပ
The Pillar Media(ထောက်တိုင် မီဒီယာ)
နိုင်ငံတကာ၊ ဇူလိုင် ၃၀
ရုရှားနိုင်ငံက စစ်ရေယာဉ်အစင်း ၂၀၀ ကျော်ဖြင့် ရေတပ်နေ့စစ်ရေးပြ အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်တွင် စိန့်ပီတာစဘာ့မြို့၌ ကျင်းပကြောင်း သိရသည်။
အဆိုပါစစ်ရေးပြ အခမ်းအနားကို နှစ်စဉ် ဇူလိုင်လနောက်ဆုံး တနင်္ဂနွေနေ့တိုင်း ကျင်းပလေ့ရှိပြီး ယခုအခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ကာကွယ်ရေးဝန်ကြီးနှင့်ရေတပ်ဦးစီးချုပ်တို့ တက်ရောက်သည်။
ယင်းစစ်ရေးပြအခမ်းအနားတွင် ရုရှားရေတပ်၏ မြောက်ပိုင်း၊ ပစိဖိတ်၊ ဘောတစ်ဒေသ၊ ကက်စပီယံရေယာဉ်စုများမှ စစ်ရေယာဉ်များနှင့် စစ်သည်များသာမက ဆီးရီးယားတွင်ဖြန့်ကြက်ထားသည့် ရေတပ်မှစစ်သည်များလည်း ပါဝင်စစ်ရေးပြသည်။
သို့သော် ယူကရိန်းနှင့်ပဋိပက္ခတွင် ရင်ဆိုင်လျက်ရှိသည့် ပင်လယ်နက်ဒေသ ရေယာဉ်စုမှ စစ်ရေယာဉ်များနှင့် စစ်သည်များမှာမူ ယခုစစ်ရေးပြ အခမ်းအနားတွင် ပါဝင်နိုင်ခြင်းမရှိပေ။
စစ်ရေးပြအခမ်းအနား၌ စစ်သည်အင်အား ၁၅၀၀၀ နှင့် စစ်ရေယာဉ်အစင်းပေါင်း ၂၀၀ ကျော်အပြင် တရုတ်၊ အိန္ဒိယနှင့် အယ်ဂျီးရီးယားနိုင်ငံတို့မှ စစ်ရေယာဉ်များလည်း ပါဝင်စစ်ရေးပြသည်။
ထိုစစ်ရေးပြစစ်ရေယာဉ်များကို ဦးဆောင်လာသည့် စစ်ရေယာဉ်မှာ ၁၇၁၂ ခုနှစ်တွင် ရေချအသုံးပြုသည့် ၁၈ ရာစု အမြောက်တင် ရွက်သင်္ဘော ပိုတာဘာဖြစ်သည်။
နောက်ထပ်ပါဝင်သည့် စစ်ရေယာဉ်များမှာ အသေးစား ဒုံးကျည်တင်သင်္ဘောများမှသည် ကီလိုမီတာ ၁၀၀၀ အထိ ပျံသန်းရောက်ရှိနိုင်သော Kalibr ဒုံးကျည်တင် ကော်ဗက်စစ်ရေယာဉ်များ ဖြစ်သည်။
ယခုစစ်ရေးပြ အခမ်းအနား၌ အထူးပါဝင် စစ်ရေးပြသည့်သင်္ဘောမှာ ရေခဲခွဲသင်္ဘော အီဗန်ပါပါနင်ဖြစ်သည်။ ရုရှားနိုင်ငံသည် ရေခဲခွဲသင်္ဘော အစင်းရေ ၄၀ ကျော်ဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ရေခဲခွဲသင်္ဘောအုပ်ကို ပိုင်ဆိုင်ထားသည်။
အလားတူ တော်ပီဒိုများနှင့် Kalibr ဒုံးကျည်များ တပ်ဆင် အသုံးပြုနိုင်သော Mozhaisk အတန်းအစား ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘာက စစ်ရေးပြတွင် ပါဝင်သည်။
ထို့ပြင် တရုတ်နိုင်ငံမှ ဖျက်သင်္ဘောတစ်စင်းနှင့် အခြားသင်္ဘောတစ်စင်း၊ အယ်ဂျီးရီးယားမှ လေ့ကျင့်ရေး သင်္ဘောတစ်စင်းနှင့် အိန္ဒိယနိုင်ငံမှ ကိုယ်ပျောက်ဖရီးဂိတ် သင်္ဘောတစ်စင်းတို့ကလည်း စစ်ရေးပြတွင် ပါဝင်စစ်ရေးပြသည်။
ရုရှားနိုင်ငံအနေဖြင့် ရေတပ်အင်အားစုကို ပိုမိုအင်အားတောင့်တင်း ခိုင်မာအောင်နှင့် ရေယာဉ်အုပ်များကို အဆင့်မြင့်နည်းပညာသုံး စစ်လက်နက်ပစ္စည်းများဖြင့် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ကတိပြုထားကြောင်း သိရသည်။
#thepillarmedia
Comments
Post a Comment