ပြည်တွင်းကုမ္ပဏီ ၅၈ ခုတို့က ထုတ်လုပ်သည့်ဓာတ်မြေသြဇာ ၁၄၅ မျိုးနှင့် ပြည်ပမှတင်သွင်းမည့်ဓာတ်မြေသြဇာ ၂၇၈ မျိုးစိစစ်

 

The Pillar Media(ထောက်တိုင် မီဒီယာ)

နေပြည်တော်၊ ဇူလိုင် ၃၀ 

 

    စားရေရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် လယ်ယာလုပ်ငန်းခွင်တွင် အရည်အသွေး ကောင်းမွန်ပြည့်ဝသည့် စိုက်ပျိုးရေး သွင်းအားစုများကို တောင်သူများ စနစ်တကျ အသုံးပြုနိုင်စေရေးအတွက်  ဓာတ်မြေသြဇာ မှတ်ပုံတင်လျှောက်ထားခြင်း၊ တင်းသွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ  လုပ်ငန်းများအပေါ် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းကျောင်း   ကြပ်မတ်လျက်ရှိရာတွင် မြေသြဇာဆိုင်ရာ   နည်းပညာအဖွဲ့က လိုအပ်သော နည်းပညာဆိုင်ရာ အချက်အလက်များ စိစစ်ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မြေသြဇာများ၏  အရည်အသွေး ပြည့်မီမှု  ရှိ၊ မရှိ  OGA   Approval ပေးခြင်း ကိစ္စရပ်များကိုလည်း အကောက်ခွန် ဦးစီးဌာန၏ MACCS System  နှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ယခုကာလသည် နိုင်ငံတစ်ဝန်း၌ ရေကြီး ရေလွှမ်းခြင်းဖြစ်စဉ်များ ရှိနေသဖြင့် သီးနှံ စိုက်ခင်းများ  ထိခိုက်မှု ရှိလာနိုင်ကြောင်း၊ အဆိုပါထိခိုက်မှုများအပေါ် သွင်းအားစု ဓာတ်မြေသြဇာများကို အသုံးပြု၍ ပြန်လည်ကုစားနိုင်ရေးကို  မိမိတို့ကျွမ်းကျင်သည့် နည်းပညာရပ်များ အသုံးချ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဓာတ်မြေသြဇာ စျေးနှုန်းတည်ငြိမ်ရေးနှင့် အရည်အသွေးပြည့်ဝရေးကို  သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းထိန်းကျောင်း ပေးရန်လိုအပ်ကြောင်း  ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး ဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌   ကျင်းပသည့် မြေသြဇာဆိုင်ရာ နည်းပညာအဖွဲ့၏  (၄၃)ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားခဲ့သည်။


အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုရှိ ကုမ္ပဏီ ၅၈ ခုတို့က ထုတ်လုပ်သောဓာတ်မြေသြဇာ ၁၄၅ မျိုးနှင့်ပြည်ပမှ တင်သွင်းမည့် ဓာတ်မြေသြဇာ ၂၇၈ မျိုးတို့၏ အချက်အလက်များကို နည်းပညာရှုထောင့်မှ စိစစ်သုံးသပ် ဆွေးနွေးကြပြီး မြေသြဇာကော်မတီသို့ ဆက်လက် ပေးပို့တင်ပြနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


#thepillarmedia 

Comments