Skip to main content

 

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီဖြုတ်သိမ်းထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်တပ်ဆင်

 

The Pillar Media(ထောက်တိုင် မီဒီယာ)
ပွင့်ဖြူ ဇူလိုင် ၃၁


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသော (၁၁)ကေဗွီ ဓာတ်အားလိုင်းအား သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု မဖြစ်စေရန်နှင့် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်အတွက် ယာယီဖြုတ်သိမ်းထားရာ ယခုအခါ မြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် ကျေးရွာနေ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြန်လည်သုံးစွဲခွင့်ရရှိစေရန် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဆောင်သောအဖွဲ့က ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ 


ထိုသို့ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၊ ငှက်တောကုန်းကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ ဘီးဇပ်ခုံကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာနှင့် ပေါက်ကုန်းကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားသည့် (၁၁)ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းတိုင်များ ပြန်လည်စိုက်ထူခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ သွယ်တန်းခြင်း၊ ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ လေးလုံး ပြန်လည်တပ်ဆင် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ အဆိုပါ လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်တပ်ဆင်ပေးမှုကြောင့် မြစ်ကမ်းဘေးအနီး ကျေးရွာရှစ်ရွာမှ လျှပ်စစ်မီး သုံးစွဲသူဦးရေ ၄၃၇ ဦး လျှပ်စစ်ဓာတ်အား ပြန်လည်သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းနိုင်ထံမှ သိရသည်။




#thepillarmedia 

Comments