မန္တလေးမြို့ပေါ်တွင် နှစ်ရက်အတွင်း လူငယ် နှစ်ဆယ်ခန့် ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ

The Pillar Media(ထောက်တိုင် မီဒီယာ)

နေပြည်တော် ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁


မန္တလေးတိုင်းဒေသကြီး၊ တံတားဦးနှင့် ပြည်ကြီးတံခွန်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဩဂုတ်လ ၂၇ ရက်နှင့်  ၂၈ ရက် နှစ်ရက်အတွင်း လူငယ်နှစ်ဆယ်ဦးခန့်ကို စစ်မှုထမ်းရန်အတွက် တပ်မတော်မှ ဖမ်းဆီးထားကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ များက ရေးသားဖြန့်ဝေနေသည်ကို  တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မန္တလေးမြို့ပေါ်တွင် စစ်မှုထမ်းဆောင်ရန်အတွက် လူငယ်များအား ဖမ်းဆီးနေသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေး အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းနှင့် လှည့်ကင်း ပတ်ကင်းများကို မန္တလေးမြို့မှ တာဝန်သိပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း နှင့် စစ်မှုထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အတည်ပြု ပြဋ္ဌာန်းထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ တရား မဝင်ပြည်ဖျက်မီဒီယာများက မန္တလေးမြို့အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက် ဖြင့် ယခုကဲ့သို့ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဝါဒဖြန့်ဝေ နေခြင်းသာဖြစ် ကြောင်း သိရသည်။


#thepillarmedia

Comments