ဇီးကုန်းမြို့နယ် သစ်ဖြူကွင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမှ ချေးငွေများ ထုတ်ချေး
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
ဇီးကုန်း အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သစ်ဖြူကွင်းကျေးရွာ၌ သတ္တမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းမှ ချေးငွေများပြန်လည် ထုတ်ချေးခြင်းကို အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် ဝန်ထမ်းများက သစ်ဖြူကွင်းကျေးရွာရှိ တာဝန်ရှိသူများ၊ ကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံကာကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ တိုးပွားလာကာ ကျေးလက်ဒေသ ဆင်းရဲမှုနှုန်း လျော့ကျလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းလက်စွဲ စာစောင်ပါ အကြောင်းအရာများ၊ ကျေးလက်နေပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓာတ်များ၊ စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်း သတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင် လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက သစ်ဖြူကွင်း ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ လုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်း ရန်ပုံငွေကျပ် ၄၂ ဒသမ ၅ သန်းကို လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာ လုပ်ငန်းအဖွဲ့ဝင်များက သစ် ဖြူကွင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၀ ဦးတို့အတွက် ချေးငွေကျပ် ၃၁ ဒသမ ၂ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၈ ဦးတို့အတွက် ချေးငွေကျပ် ၁၁ ဒသမ ၃ သန်း စုစုပေါင်းအသင်းသား၊ အသင်းသူ ၆၈ ဦးတို့အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၂ ဒသမ ၅ သန်းကို တစ်ဦးချင်းစီ၏ လက်ဝယ်အရောက် ထုတ်ချေးပေးကြောင်း သိရသည်။
#konotchannel
#ထောက်တိုင်မီဒီယာ
#ThePillarMediaMyanmar
#thepillarmediamyanmar

Comments
Post a Comment