ယခုဘဏ္ဍာနှစ် ခုနစ်လနီးပါးကာလအတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၂၇၅၃ သန်းခန့် တန်ဖိုးရှိ လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့ထား

 

ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
ရန်ကုန်   နို၀င်ဘာ   ၂၈ 


ယခုဘဏ္ဍာနှစ်  ဧပြီလမှ  အောက်တို ဘာလ  ၂၅  ရက်အထိ   ခုနစ်လနီးပါး ကာလအတွင်း   ပြည်တွင်းမှ  ပြည်ပသို့ အမေရိကန်ဒေါ်လာ   ၂၇၅၃  သန်းခန့် တန်ဖိုးရှိ  လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


ထိုသို့ ပြည်တွင်းမှ ပြည်ပသို့ လယ်ယာ ထွက်ကုန်ပစ္စည်းများ      တင်ပို့ရာတွင်  Normal Trade အနေဖြင့်  ပင်လယ်ရေ ကြောင်းမှတစ်ဆင့်  အမေရိကန်ဒေါ်လာ  ၂၃၁၇  သန်း၊  Border Trade  အနေ ဖြင့်     နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များမှတစ်ဆင့်  အမေရိကန်ဒေါ်လာ  ၄၃၆ သန်းခန့် စုစုပေါင်း  မေရိကန်ဒေါ်လာ ၂၇၅၃ သန်းခန့်ရှိသည်။


"ဒီဘဏ္ဍာနှစ်အတွင်း     ပြည်ပကို တင်ပို့ခဲ့တဲ့  မြန်မာ့လယ်ယာထွက်ကုန် တွေထဲမှာ အများဆုံး တင်ပို့ခဲ့တာတွေက ဆန်၊  ဆန်ကွဲ၊  ပြောင်း၊ ပဲမျိုးစုံ၊ နှမ်း၊ ပန်းနှမ်း၊ ဝါ၊ နနွင်းတက်၊ မန်ကျည်းသီး၊ချင်းခြောက်၊ ဝဥ၊ ကြက်သွန်နီ၊ ကြက်ဆူစေ့၊   ကော်ဖီစေ့၊  ရော်ဘာနဲ့  သစ်သီးဝလံ ထဲမှာဆိုရင်      ဖရဲသီး၊  သခွားမွှေးသီး၊ တစ်သျှူးငှက်ပျောသီး   စတာတွေဖြစ်ပါတယ်"ဟု  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။


ပြည်တွင်းမှထွက်ရှိသော   လယ်ယာ ထွက်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် အဓိကအားဖြင့် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘယ်လ် ဂျီယံနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံတို့သို့ တင်ပို့ခြင်းဖြစ်သည်။ သွင်းကုန်ပစ္စည်းအနေဖြင့်လည်း    လယ်ယာသုံးစက်နှင့် စက်ပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ မျိုးစေ့၊ပိုးသတ်ဆေးနှင့်  စားအုန်းဆီ စသည့်ကုန်ပစ္စည်းများကို   ပြည်ပနိုင်ငံတချို့မှ ၀ယ်ယူတင်သွင်းခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများကြား ယခုဘဏ္ဍာနှစ်  ဧပြီလမှ  အောက်တို ဘာလ ၂၅ ရက်အထိ ခုနစ်လနီးပါးကာလ အတွင်း စုစုပေါင်း ပို့ကုန်၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ  ၁၅၄၈၃  သန်းခန့် ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပြီး  ယင်းတို့အနက် ပြည်တွင်းမှ လယ်ယာထွက်ကုန် ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့်     တခြားကုန်ပစ္စည်းများတင်ပို့မှုမှ စုစုပေါင်း  အမေရိကန်ဒေါ်လာ ၈၅၁၆ သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။



#thepillarmedia 

#ထောက်တိုင်မီဒီယာ 

#ThePillarMediaMyanmar 

#konotchannel


Comments