ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံနှမ်းဧက ၇၈၅၀ ထိ ရိတ်သိမ်းပြီးစီး တစ်နှစ်ပတ်လုံး သီးထပ်စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း စားသုံးဆီ ဖူလုံစေရုံသာမက ပြည်တွင်းစားသုံးဆီ ဖူလုံရေးကိုပါ အထောက်အကူပြုနိုင်
ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ
ဒီဇင်ဘာ ၃၀ -၂၀၂၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သော နှမ်းဧက ၇၈၅၀ ထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် တစ်မြို့နယ်လုံးလျှင် ဆောင်းနှမ်း ၁၂၁၄၂ ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်ခဲ့ရာ ၁၅၂၉၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ထိုသို့စိုက်ပျိုးထားသော ဆီထွက်သီးနှံ နှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ နွေသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဒီဇင်ဘာလပထမပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက်အထိ ဧက ၇၈၅၀ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆောင်းနှမ်းစိုက်ပျိုး တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး သီးနှံအထွက်နှုန်းကောင်းမွန်ရေး၊ ပိုးမွှားရောဂါ မကျရောက် စေရေး၊ စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ သီးနှံအချိန်မီ ရိတ်သိမ်းနည်းပညာများနှင့် ရိတ်သိမ်းပြီးသီးနှံများ စနစ်တကျထားသို ထိန်းသိမ်းနည်းပညာများ စသည့်စိုက်ပျိုးရေးအသိပညာပေး လုပ်ငန်းများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထွက်နှုန်းကောင်းသည့် ဆီထွက်သီးနှံများကို ယခင်ကထက်ပိုမိုစိုက်ပျိုးခြင်း၊ တစ်နှစ်ပတ်လုံးသီးထပ်စိုက်ပျိုးခြင်းအားဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရုံသာမက ပြည်တွင်းစားသုံးဆီဖူလုံရေးကိုပါ အထောက်အကူပြုနိုင်သည့်အပြင် ဒေသခံပြည်သူများနှင့် ဆက်စပ်လုပ်ငန်း လုပ်ကိုင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
#naynineoffical
#konotchannel
#ထောက်တိုင်မီဒီယာ
#ThePillarMediaMyanmar
#myanmapillar

Comments
Post a Comment