တပ်ကုန်းမြို့နယ် ကြို့ကုန်းကျေးရွာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုး ပြန်လည်ဖြည့်ဆည်း ပေးအပ်

 

ThePillarMediaMyanmar-ထောက်တိုင်မီဒီယာ

ဒီဇင်ဘာ ၃၀ -၂၀၂၄

    နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊   နေပြည်တော်စည်ပင် သာယာရေး ကော်မတီဝင်များနှင့်အတူ ဒီဇင်ဘာ ၂၉ ရက်က တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာတွင်    ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည် ဖြည့်ဆည်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။ 

 အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများနှင့်တွေ့ဆုံ၍ ယခုပေးအပ်သော တိရစ္ဆာန်များကို စနစ်တကျ အောင်မြင်စွာ မွေးမြူနိုင်ရေး၊ မျိုးကောင်းမျိုး သန့်များ ရွေးချယ်မွေးမြူရေး၊ တိရစ္ဆာန်အစာများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ကျွေးမွေးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရရှိရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက  ရေကြီး နစ်မြုပ်မှုကြောင့်  ဆုံးရှုံးခဲ့သည့်တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်း ပေးအပ်ခြင်းနှင့် မွေးမြူရေး လုပ်ငန်းများ တိုးတက်ရေး   ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများကို အစားထိုးပြန်လည်ဖြည့် ဆည်းပေးသော ဒေသနွားများ လွှဲပြောင်းပေးအပ်သည့် မှတ်တမ်းလွှာများ ပေးအပ်သည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ပုဏ္ဏမာကျေးရွာအနီးရှိ တောင်သူ ဦးဇော်မင်းထွန်း၏ ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ပျိုးမြေတွင် မေမြို့ပန်း၊ ဂန္ဓမာပန်းများနှင့် ခရမ်းသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား ပိုက်ဆန်လျှော်မျိုးစေ့များကို ပေးအပ်ကြပြီး  မကျီးကုန်းကျေးရွာ ကွင်းအမှတ် ၁၄၅၀ တွင်   ပိုက်ဆန်လျှော် စိုက်ပျိုးနေမှုကို    ကြည့်ရှုအားပေးပြီး တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) တွင် နဝင်းချောင်း တံတား(အဆုံ) အရှည်ပေ ၁၉၀ ကို မူလနှစ်လမ်းသွားတံတားမှ   လေးလမ်းသွား တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နေမှုကို    သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


#naynineoffical 

#konotchannel 

#ထောက်တိုင်မီဒီယာ 

#ThePillarMediaMyanmar 

#myanmapillar 

Comments