ONE Friday Fights-95 ပြိုင်ပွဲတွင် မြန်မာဖိုက်တာအဲမွီနှင့် စူပါရေချမ်းတို့ အလဲထိုးအနိုင်ရ
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဖေဖော်ဝါရီ ၁၊ ၂၀၂၅
ONE Friday Fights-95 ပြိုင်ပွဲကို ဖေဖော်ဝါရီ ၃၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပရာ မြန်မာဖိုက်တာ အဲမွီနှင့် စူပါရေချမ်းတို့ အလဲထိုးအနိုင်ရခဲ့ပြီး မိုးထက်အောင်က အမှတ်ဖြင့်အရေးနိမ့်ခဲ့ကြောင်း သိရသည်။
အဲမွီနှင့်ဂျပန်ဖိုက်တာ မူဂါဆီတိုတို့ပွဲစဉ်၌ အဲမွီသည် ပွဲအလှည့်အပြောင်းအောက်တွင် အလဲထိုး အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပထမအချီတွင် ပြိုင်ဘက် ကစားသမား၏ လက်သီးချက်များကြောင့် အမှတ်စဉ် နှစ်ကြိမ် ရေတွက်ခံရသော်လည်း ဒုတိယအချီတွင် အလဲထိုးဖြင့် ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပထမအချီအစပိုင်းတွင် နှစ်ဦးစလုံး လက်ရည်မကွာသော်လည်း နှစ်မိနစ်ဝန်းကျင်မှစတင်ကာ မူဂါဆီတို အသာရလာပြီး ပထမအချီပြီးခါနီးတွင် အဲမွီ အမှတ်စဉ် နှစ်ကြိမ် ရေတွက်ခံရသည်။
ဒုတိယအချီအစတွင်လည်း မူဂါဆီတိုက ပွဲသိမ်းနိုင်ရန် အတင်းဖိထိုးရာ အဲမွီက အကောင်းဆုံးရှောင်ထွက်ပြီး ၄၁ စက္ကန့်တွင် ဘယ်လက်သီးဖြင့် ပွဲသိမ်းခဲ့ခြင်းဖြစ်သည်။ အလဲထိုးအနိုင်ရခဲ့သည့် အဲမွီသည် ONE CEO က ချီးမြှင့်သည့် အပိုဆုကြေး ဘတ်သုံးသိန်းခွဲရရှိခဲ့သည်။ အဲမွီသည် ONE နှင့် လက်တွဲပြီး သုံးပွဲ ထိုးသတ်ရာတွင် ဒုတိယမြောက်နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။
အလားတူ မြန်မာဖိုက်တာ စူပါရေချမ်းသည် ထိုင်းဖိုက်တာ ဒန့်ခ်နှင့်ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအချီ ၂ မိနစ် ၄၆ စက္ကန့်တွင် အလဲထိုးအနိုင်ရခဲ့သည်။ စူပါရေချမ်းနှင့် ဒန့်ခ်သည် အရပ်အမောင်းရော ထိုးသတ်ပုံအရ ကွာခြားမှုမရှိသလို ပထမအချီစကတည်းက လက်သီးချင်းပြိုင်ထိုး၊ ဆိုင်ထိုးကာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။
နှစ်မိနစ်အကျော်တွင် စူပါရေချမ်း၏လက်သီးချက်များ ဆက်တိုက်ထိမှန်လာပြီး ဒန့်ခ်ကို ကြိုးဝိုင်းထောင့်တွင် ပိတ်ကာ ဘယ်၊ ညာလက်သီးများ ဆက်တိုက်ပစ်သွင်းရာ ဒန့်ခ် အမှတ်စဉ်ရေတွက်ခံရသည်။ ပြန်ထိုးရာတွင် စူပါရေချမ်းက လက်သီးချက်များ ဆက်တိုက်ပစ်သွင်းကာ ပွဲသိမ်းအနိုင်ရခဲ့ခြင်းဖြစ်သည်။ စူပါရေချမ်းသည် ONE နှင့်ဒုတိယမြောက်ပွဲတွင် ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာဖိုက်တာ မိုးထက်အောင်သည် ထိုင်းဖိုက်တာ ဆာမင်ဒမ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ မိုးထက်အောင်၏ပြိုင်ဘက် ဆာမင်ဒမ်သည် နည်းစနစ်ပိုင်းရော ပွဲအတွင်းထိုးသတ်သည့်ဗျူဟာပါ ကောင်းမွန်ခဲ့ပြီး မိုးထက်အောင်၏ လက်သီးထိုးချက်များကိုရှောင်ပြီး တန်ပြန်ထိုးရာ မိုးထက်အောင် အထိနာခဲ့သည်။ မိုးထက်အောင်သည် ဒုတိယအချီနှင့်တတိယအချီတွင် နည်းဗျူဟာပြောင်းပြီး ထိုးသတ်သော်လည်း ဆာမင်ဒမ်က အကောင်းဆုံးတုံ့ပြန်နိုင်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာတွင် အသာရခဲ့ခြင်းဖြစ်
သည်။ မိုးထက်အောင်သည် ONE နှင့်လက်တွဲပြီး တတိယမြောက်ပွဲတွင် ပထမဆုံး ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
#ThePillarMediaMyanmar
#myanmapillar
#thepillarmedia
#ထောက်တိုင်မီဒီယာ
#konotchannel
#naynineoffical

Comments
Post a Comment