ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာရခန်ဂလစ်မြို့၌ဆောင်ရွက်သည့် လုံခြုံစိတ်ချရသော အာတိတ်ဒေသလေ့ကျင့်ခန်း အစီအစဉ် ၂၀၂၅ နှင့် ဆက်စပ်အလုပ်ရုံဆွေးနွေးပွဲနှင့် ညီလာခံများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

 

ThePillarMediaMyanmar

ထောက်တိုင်မီဒီယာ

ဖေဖော်ဝါရီ ၁၊ ၂၀၂၅


ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာရခန်ဂလစ်မြို့၌ရောက်ရှိနေသော  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဇန်နဝါရီလ ၃၀ ရက်က  မြောက်ပိုင်းအာတိတ်ဒေသ ဖက်ဒရယ်တက္ကသိုလ်၌    ကျင်းပသည့် အာတိတ်ရေခဲပြင်တွင် ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ   ကြိုတင်သတိပေးခြင်း၊ တုံ့ပြန်ခြင်းတို့တွင် အသုံးပြုသည့်အဆင့်မြင့် နည်းပညာသုံးစက်ကိရိယာများ ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ပြပွဲအတွင်း ပြသထားသည့် ဘေးအန္တရာယ်ကျရောက် မှုများအား ထောက်လှမ်းရှာဖွေခြင်း၊ အလိုအလျောက်  မီးငြှိမ်းသတ်ခြင်းများတွင် အသုံးပြုသည့် မောင်းသူမဲ့လေယာဉ်ငယ်၊ ရဟတ်ယာဉ်ငယ်နှင့် မော်တော်ယာဉ်ငယ်များ၊ အအေးပိုင်းဒေသများတွင် ဘေးသင့်သူများအား   အသက်ကယ်တင်နိုင်ရေး အထူးတီထွင်ထားသည့်ဝတ်စုံများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် ဆေးကုသမှုများတွင်    အသုံးပြုသည့် အဆင့်မြင့်နည်းပညာသုံးပစ္စည်းများကို  လေ့လာကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါတက္ကသိုလ်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူ့ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာရခန်ဂလစ်မြို့ မြို့တော်ဝန်၊ ဖက်ဒရယ်တက္ကသိုလ် ပါမောက္ခချုပ်နှင့်ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်တို့က ဦးဆောင်ကျင်းပသည့်   အာတိတ်ဒေသဘေးကင်းလုံခြုံမှု အတွက်ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှုများနှင့်ခြိမ်းခြောက်မှုများဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် ကမ္ဘာတွင် အထူးစိတ်ဝင်စားမှုမြင့်မားနေသည့်   အာတိတ်ဒေသတွင် ကြုံတွေ့နေရသည့် ဘေးအန္တရာယ်အလိုက် ကြိုတင်အသိပေးချက်ထုတ်ပြန်နိုင်ရေး၊ ထိရောက်လျင်မြန်စွာ တုံ့ပြန်ရင်ဆိုင်နိုင်ရေး ဆောင်ရွက်နေမှုဆိုင်ရာအတွေ့အကြုံနှင့် အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင်   အာတိတ်ဒေသ ဘေးကင်းလုံခြုံရေးကဏ္ဍ   အသီးသီးက ကြိုးစားဆောင်ရွက်နေမှုနှင့် တက်ရောက်လာသည့်  နိုင်ငံအလိုက်  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံဖလှယ်ခြင်း ညီလာခံသို့ ဆက်လက်တက် ရောက်ခဲ့သည်။

ညီလာခံတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူ့ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေး စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ တက္ကသိုလ်များနှင့်လူမှုအဖွဲ့အစည်းများက အာတိတ်ဒေသရှိ လူပုဂ္ဂိုလ်များ ပြင်းထန်သော   ရာသီဥတုအခြေအနေအောက်တွင် ဘေးကင်းလုံခြုံရေး စုစည်းဆောင်ရွက်မှုဆိုင်ရာ   သုတေသနနှင့် အတွေ့အကြုံတွေ့ရှိချက်များကို တင်ပြဆွေးနွေးကြပြီး မြန်မာနိုင်ငံအနေဖြင့်လည်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် ဆောင်ရွက်နေမှုအခြေအနေ၊  မိတ်ဆွေနိုင်ငံများနှင့်  ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို   တင်ပြဆွေးနွေးကြောင်း သိရသည်။


#ThePillarMediaMyanmar 

#myanmapillar 

#thepillarmedia 

#ထောက်တိုင်မီဒီယာ 

#konotchannel 

#naynineoffical

Comments