စိုက်ပျိုးရေး လူငယ်စွန့်ဦး ပညာရှင်များက အသုံးချ သုတေသန စာတမ်းအစောင် ၇၀ တင်သွင်းဖတ်ကြား

 

ThePillarMediaMyanmar

ထောက်တိုင်မီဒီယာ

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ 

“စိုက်ပျိုးကဏ္ဍတိုးတက်ဖို့ ဘက်ပေါင်းစုံမှ ကြိုးစားစို့” ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးဦးစီး ဌာန၏ (၇)ကြိမ်မြောက် စာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ပြီး ယမန်နေ့က စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲကို နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌   ကျင်းပသည်။

ဆုချီးမြှင့်ပွဲသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများနှင့်  တာဝန်ရှိသူများ၊ အမှတ်ပေးဒိုင်များ၊ စာတမ်းရှင် လူငယ်စွန့်ဦးပညာရှင်များ တက်ရောက်ကြပြီး လေ့လာသူ ၅၀၀ ကျော်က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာရဲတင့်ထွန်းက အကောင်းဆုံးစာတမ်းဆု ရွေးချယ်မှုအတွက် သတ်မှတ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်သစ်စ လူငယ်ပညာရှင် စာတမ်းရှင်များနှင့် အတွေ့အကြုံကောင်းရှိသည့် ပညာရှင် စာတမ်းရှင်များ၏ အကောင်းဆုံး စာတမ်းဆု ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို   ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မတူညီသော ရေမြေရာသီဥတု သီးနှံမျိုးများနှင့် စိုက်စနစ်များ အတွေ့အကြုံများကို တစ်နေရာတည်းတွင် စုံစုံလင်လင်လေ့လာခွင့်၊ ဆွေးနွေးခွင့်၊ အမြင်ချင်းဖလှယ် နှီးနှောခွင့်ရရှိကြသဖြင့်     စာတမ်းတင်သွင်းသူ လေ့လာသူအားလုံး အကျိုးများစေကြောင်း၊ စာတမ်းအတွက် ကြိုတင်ပြင်ဆင် လေ့လာမှုများမှ လက်တွေ့အချက်အလက်များသည် ဆက်လက်ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၌   အထောက်အကူပြုစေမည်ဖြစ်၍ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ကောင်းမွန်သော  စာတမ်းများ တင်သွင်းနိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။ 

စိုက်ပျိုးရေးဦးစီးဌာန၏      (၇)ကြိမ်မြောက် စာတမ်းဖတ်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ   စာတမ်း ၄၁ စောင်နှင့် ရုံးချုပ်ဌာနခွဲများမှ စာတမ်း ၂၉ စောင် စုစုပေါင်း    အသုံးချသုတေသန စာတမ်းအစောင် ၇၀ တင်သွင်းဖတ်ကြားခဲ့ကြပြီး အမှတ်ပေးဒိုင်များအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးပညာရှင်များက အလှည့်ကျတာဝန်ယူ၍ အကဲဖြတ် အမှတ်ပေးခဲ့ကြကြောင်း  သိရသည်။             


#thepillarmediamyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ    

Comments