နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ကန်တော့ဂါဝရပြု 

=
      ThePillarMediaMyanmar
      ထောက်တိုင်မီဒီယာ
      မတ်လ ၂၇၊ ၂၀၂၅ 

မတ် ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်ကြမည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို မတ်လ ၂၆ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး ၁၅ ဦးနှင့် ဇနီး ၆ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက် ဂါရဝပြု ကန်တော့ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရဝပြုစကား ပြောကြားရာ၌ တပ်မတော်၏အစဉ်အလာနှင့်အညီ မိမိတို့အနေဖြင့် တပ်မတော်၏တာဝန်များ ကို လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ပြီး ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများသည် မိမိတို့၏မိဘ ဆရာများပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစတင်၍ တပ်မတော် သည်တိုင်းပြည်အတွက်ဖြစ်ရမည်ဆိုသည့်စိတ်ဖြင့် အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံ၏အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ တပ်မတော်သားများသည် ပြည်သူလူထု၏အစိတ်အပိုင်းများဖြစ်သဖြင့် ပြည်သူလူထု၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။ 

ယင်းအပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါအရင်းခံသည့်စိတ်ကို ယခင်အစဉ်အဆက် တပ်မတော်တာဝန်ထမ်း ဆောင်ခဲ့ကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများက မွေးမြူ၍လက်ဆင့်ကမ်း ပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ “ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူးပြီ၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဖူးပြီ” ဟူသည့်ဆိုစကားအတိုင်း တပ်မတော်သည် ခေတ်အဆက်ဆက်တွင် ခေတ်စနစ်အမျိုး မျိုးကို တွေ့ကြုံခဲ့ရပြီးဖြစ်ပြီး တိုင်းပြည်ကို ဖြိုခွဲဖျက်ဆီးသော ပြည်တွင်း၊ ပြည်ပ ရန်စွယ်အန္တရာယ်အမျိုးမျိုးကို အကြိမ်ကြိမ်တွန်းလှန်ဖယ်ရှားခဲ့ပြီးဖြစ်သကဲ့သို့ ပြည်ပကျူးကျော်မှုကို ကာကွယ်ရေး၊ ပြည်တွင်းဆူပူသောင်းကျန်းမှုကို တားဆီးရေးတို့ သာမက အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုတို့ မပျောက်ပျက်ရေးတို့ကိုပါ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည့် တပ်မတော်ဖြစ်ကြောင်း၊ တွေ့ကြုံ ခဲ့ရသည့်အတွေ့အကြုံများကိုသင်ခန်းစာယူ၍ ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ် များကို အကောင်းအဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။ 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီး များအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီရိုသေစွာဖြင့် ဂါရဝပြုကန်တော့ခဲ့ကြောင်း သိရသည်။ 


#thepillarmediamyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ 

Comments