သန်လျင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးဒဏ်ရာရရှိ



ThePillarMediaMyanmar

ထောက်တိုင်မီဒီယာ

မတ်လ ၂၈၊ ၂၀၂၅ 

               ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် မတ်လ ၂၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

               ဖြစ်စဉ်မှာ မတ်လ ၂၄ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းမကြီးဘေးရှိ “အောင်အောင်ဟိန်း” လက်ဘက်ရည်ဆိုင်အနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၅၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာ ဒါရ်ဂါရပ်ကွက်နေ အောင်ထက်(၂၂)နှစ်သည် ဘေးတွဲဆိုင်ကယ်အား ကျိုက်ခေါက်ဘုရားလမ်းအတိုင်း မြောက်မှတောင်သို့ လမ်းပြောင်းပြန် မောင်းနှင်လာစဉ် အခင်းဖြစ် နေရာအရောက်၌ မျက်နှာချင်းဆိုင်မှ ကျိုက်အင်းကျေးရွာနေ နိုင်လင်းအောင်(၃၇)နှစ် မောင်းနှင် လာသည့် YGN-31/HH-xxxx Probox မော်တော်ယာဉ်နှင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် အောင်ထက် တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် အောင်ထက်အား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ) ၁၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


#thepillarmediamyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ 

Comments