“နိုင်ငံတော်က အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဒီဆွေးနွေးပွဲရလဒ်တွေက အထောက်အကူပြုမယ်လို့မြင်ပါတယ်”
“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပလျက်ရှိရာ ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ပါဝင်တက်ရောက်ဆွေးနွေးကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်-
ဦးမျိုးဝင်း Coordinator ၊ 7 EAO Alliance Secretariat
ကျွန်တော်တို့ ဒီနေ့မနက်ပိုင်းမှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အနာဂတ်အလားအလာခေါင်းစဉ်ကို ဆွေးနွေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ပါဝင်တဲ့ဆွေးနွေးမှုတွေကနေ သုံးသပ်တင်ပြထားတယ်။ NCA မူဘောင်အတိုင်း အကောင်အထည်ဖော်ဖို့အတွက်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စိန်ခေါ်မှုအခက်အခဲတွေမရှိလာအောင်ဆွေးနွေးညှိနှိုင်းသွားကြဖို့သုံးသပ်တွေ့ရှိရပါတယ်။ လက်ရှိပဋိပက္ခနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို မီဒီယာကနေတစ်ဆင့် ပြည်သူလူထုသိရှိနိုင်အောင်ကျယ်ကျယ်ပြန့်ပြန့် ပြောကြားရမယ်၊ဆွေးနွေးကြရမယ်၊ တင်ပြရမယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်။ စားပွဲဝိုင်းရောက်အောင် အားလုံးအတူဝိုင်းဝန်းကြိုးပမ်းကြရပါလိမ့်မယ်။
ဒေါက်တာဇော်ဦး စီးပွားရေးသုတေသီ
ဒီနေ့ဆွေးနွေးပွဲမှာတော့ “ပဋိပက္ခလျှော့ချရေးကာလအတွင်း စီးပွားရေး ကြံ့ကြံ့ခံမှုကိုကြိုးပမ်းရာတွင် ဆက်စပ်သည့်ကဏ္ဍများကိုလည်း ထည့်သွင်းစဉ်းစားခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ အကြံပြုဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပဋိပက္ခတွေများနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးကို ဆွေးနွေးဖို့အတွက် စကားဝိုင်းတစ်ခုကို ခေါ်တဲ့အခါမှာ တချို့ကလည်းဒီအပေါ်မှာ အားမလိုအားမရဖြစ်နေကြတာတွေရှိပါတယ်။
ကျွန်တော်ကတော့ ဒီနေ့ဆွေးနွေးပွဲ တက်ရောက်တဲ့သူတွေ အားလုံးကိုအားတက်အောင်၊ မျှော်လင့်ချက်တွေရှိအောင် အခုလို ပဋိပက္ခတွေနဲ့ စိန်ခေါ်မှုတွေကြားထဲက စီးပွားရေးကို ကြံ့ကြံ့ခံစွမ်းဆောင်နေတဲ့ ကဏ္ဍတွေက ဘာတွေရှိနေသလဲ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍပေါ့။ ပဋိပက္ခတွေ တည်ရှိနေတဲ့ရှမ်းပြည်နယ်မှာ အထူးစိုက်ပျိုးတဲ့ ပြောင်းသီးနှံဟာ ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ အရင်တင်ပို့နေကျထက် သုံးဆလောက် တက်လာတာ တွေ့ရပါတယ်။
ဒီလိုပဲ ပဋိပက္ခတွေကြားထဲမှာ ကြံ့ကြံ့ခံဆောင်ရွက်နေတဲ့ စီးပွားရေးတွေရှိနေပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး စီးပွားရေးက တရုတ်နိုင်ငံဖြစ်သလို မကြာခင်မှာလည်း တတိယအကြီးဆုံးက အိန္ဒိယနိုင်ငံဖြစ်တော့မယ်။ ပဋိပက္ခတွေရှိနေလို့ စီးပွားရေးကျဆင်းတယ်ဆိုပေမယ့် ကျွန်တော်တို့ပဋိပက္ခတွေရပ်နိုင်တာနဲ့ တစ်ပြိုင်တည်း ဒီနိုင်ငံတွေနဲ့ချိတ်ဆက်နေတဲ့ ကျွန်တော်တို့နိုင်ငံက ချက်ချင်းလက်ငင်း ပြန်လည် ထူထောင်ရေးကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ချက်ကြီးကြီးမားမားရှိနေတယ်။ ဒါကြောင့်မို့ အခုလောလောဆယ် ပဋိပက္ခလျှော့ချဖို့နဲ့ ပဋိပက္ခရပ်စဲဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။
ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ နေရာတွေ အားလုံးကပဋိပက္ခတွေ ဖြစ်နေတာမဟုတ်ပါဘူး။ ပဋိပက္ခတွေမရှိတဲ့နေရာတွေ၊ ငြိမ်းချမ်းရေးကို ကြံ့ကြံ့ခံပြီး ဆက်လက် ထိန်းထားတဲ့ဒေသတွေရဲ့စွမ်းဆောင်မှုကိုလည်း အသိအမှတ်ပြုဖို့လိုပါတယ်။ သူတို့ရဲ့အောင်မြင်မှုကိုလည်း ကျွန်တော်တို့လေ့လာသုံးသပ်ပြီးတော့ အတုယူသင့်ပါတယ်ဆိုပြီးကျွန်တော့်အနေနဲ့သုံးသပ်တင်ပြခဲ့ပါတယ်။
ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ဥက္ကဋ္ဌ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့
ဒီသုံးလေးနှစ်အတွင်းမှာ ပထမဦးဆုံး နယ်ပယ်စုံကလူတွေနဲ့ ငြိမ်းချမ်းရေးကိစ္စအတွက် စကားဝိုင်းဆောင်ရွက်တာဖြစ်ပါတယ်။ နိုင်ငံတော်က ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလိုလားလားရှိတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်းဒီဇင်ဘာလထဲ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် သေချာဆောင်ရွက်ကြဖို့ လမ်းညွှန်ထားတယ်။ ၂၀၂၅ အလွန်မှာ နိုင်ငံတော်ကစနစ်ကြီးတစ်ခုပြောင်းမယ်။ ပြောင်းမယ့်အချိန်မှာ အရေးကြီးဆုံးကဘာလဲဆိုတော့နိုင်ငံတော်တည်ငြိမ်ဖို့၊ ငြိမ်းချမ်းမှုရှိဖို့လိုတယ်။ အဲဒီအတွက် အခင်းအကျင်းတွေကို အားလုံးဝိုင်းပြီးဖြစ်လာနိုင်မယ့် အသံတွေမျိုးစုံကို နားထောင်တာဖြစ်ပါတယ်။
ဒီနေ့ကတော့ ဒုတိယနေ့ဖြစ်တဲ့အတွက် ဆွေးနွေးမှုတွေက အရှိန်မြင့်လာတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုပြီး အပိုင်းနှစ်ပိုင်းခွဲ ဆွေးနွေးကြတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးကဏ္ဍမှာ ဝင်ရောက်ပြီးတော့ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးတင်ပြခွင့်ရခဲ့တယ်။ ပြီးတော့ မတူညီတဲ့အမြင်တွေနဲ့ မသိသေးတဲ့အရာတွေကိုလည်း သိခဲ့ရတယ်။
နိုင်ငံတော်က အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဒီဆွေးနွေးပွဲ ရလဒ်တွေက အထောက်အကူပြုမယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့လိုပါတယ်။ ငြိမ်းချမ်းမှ အားလုံးဖွံ့ဖြိုးတိုးတက်မှာပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်ဖို့ အရေးကြီးဆုံးကတော့ နိုင်ငံတော်ကဘယ်လိုပဲလုပ်လုပ်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဘယ်လိုပဲညှိညှိ ပြည်သူတွေအားလုံး ပါဝင်လာဖို့လိုပါတယ်။ ဒါကြောင့် ပြည်သူအားလုံးရဲ့ စိတ်ထဲမှာ ငြိမ်းချမ်းချင်တဲ့စိတ်တွေရှိဖို့လိုပါတယ်။
ဦးရဲမင်းအောင် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်
နိုင်ငံတော်ကနေစီစဉ်ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲမှာ စီးပွားရေး နယ်ပယ်ကနေ လာရောက်ပြီးတော့ ပါဝင်ဆွေးနွေးတာဖြစ်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းတွေ၊ အခက်အခဲတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ငြိမ်းချမ်းရေးက အရေးပါသလို ငြိမ်းချမ်းရေးအတွက်လည်း စီးပွားရေးကအရေးပါတဲ့အတွက် အပြန်အလှန်အကျိုးပြုနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လယ်ယာသားငါးလုပ်ငန်းတွေကို အခြေခံတာဖြစ်တဲ့အတွက်ကြောင့်လယ်ယာသားငါးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အကြံပြုတင်ပြဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲကလည်းရွေးကောက်ပွဲကျင်းပဖို့ ပြောထားတာရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ ပြီးတဲ့အချိန် ရေတိုရေရှည်ဆောင်ရွက်သွားရမယ့် ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် စီးပွားရေးအနေအထားတွေအပေါ်မှာ ကျွန်တော်တို့ပုဂ္ဂလိက ထင်မြင်ယူဆချက်တွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲကျင်းပတဲ့အတွက် မိတ်ဆွေတွေနဲ့ပြန်တွေ့ခဲ့ရတယ်။ မတူညီတဲ့ အယူအဆတွေ၊ အမြင်တွေ နားထောင်ရတယ်၊ အချင်းချင်းလည်းမျှဝေနိုင်တယ်။ တစ်ယောက်ရဲ့ အခက်အခဲကိုလည်း တစ်ယောက်က ကူညီစဉ်းစားပြီးတော့ဖြေရှင်းပေးနိုင်တယ်။ ဘာပဲပြောပြောယုံကြည်မှု၊ နားလည်မှုတွေ တည်ဆောက်နိုင်တယ်။
မြန်မာနိုင်ငံမှာနေထိုင်ပြီးတော့ မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွား၊ ပုဂ္ဂလိက အကျိုးစီးပွားတွေကို မျှမျှတတတိုင်ပင် ညှိနှိုင်းဆွေးနွေးနိုင်တယ်။ အားလုံး အတူ လက်တွဲပြီးတော့ အလုပ်လုပ်နိုင်တယ်။ ဒါဟာကောင်းမွန်တဲ့အစဉ်အလာနဲ့ အလေ့အထဖြစ်တယ်လို့ယူဆပါတယ်။ ဒါကြောင့်မို့ ဒီလိုဆွေးနွေးပွဲတွေကို တရားဝင် အစည်းအဝေးခန်းမမှာဆောင်ရွက်သလို အလွတ်သဘော မကြာခဏထိတွေ့ဆွေးနွေးမှုတွေကနေလည်း ငြိမ်းချမ်းရေးနဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို သွားရမယ်လို့ထင်ပါတယ်။ ။
#thepillarmediamyanmar
#thepillarmedia
#myanmapillar
#ထောက်တိုင်မီဒီယာ

Comments
Post a Comment