အွန်လိုင်းလိမ်လည်မှုနှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား  ၂၇၈ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့

ThePillarMediaMyanmar

ထောက်တိုင် မီဒီယာ 

ဧပြီ ၁၉၊ ၂၀၂၅

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင်    ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့ ကျောက်ခတ်နယ်မြေသို့    တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေသည့်  ပြည်ပနိုင်ငံသား  ၂၇၈ ဦးကို  ဧပြီ ၁၈ ရက်က  ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ စစ်ဆေးဆောင်ရွက်လျက်ရှိရာ  ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး  ဦးစောထွန်းအောင်နှင့်    တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းများနှင့်  တွေ့ဆုံ၍  ပြည်ပနိုင်ငံသားများအား  ထိန်းသိမ်းစစ်ဆေးသည့် စာရင်းဇယား၊  အချက်အလက်များ မှန်ကန်ပြည့်စုံစေရေးနှင့် ၎င်းတို့၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊  လုံခြုံရေး၊ ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး    စနစ်တကျဆောင်ရွက်ထားရှိရန်  မှာကြားပြီး      လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 

 ၂၀၂၅  ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၁၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်း  ၉၀၁၈ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၇၂၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ  စနစ်တကျ   ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး     ပြည်ပနိုင်ငံသား  ၁၇၂၉  ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။



#ThePillarMediaMyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ

Comments