ရုရှားက ယူကရိန်း၏ စစ်ဘက်စက်မှုလုပ်ငန်းနေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြီးများ ပြုလုပ်ဟုဆို

ThePillarMediaMyanmar

ထောက်တိုင် မီဒီယာ 

ဧပြီ ၁၉၊ ၂၀၂၅

ရုရှားတပ်မတော်က ယူကရိန်းနိုင်ငံရှိ စစ်ဘက်စက်မှုလုပ်ငန်းနေရာများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုကြီးများ ပြုလုပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပုံမှန်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒရုန်းများ၊ တိကျပဲ့ထိန်းဒုံးကျည်များကို အသုံးပြုသည့် အဆိုပါ တိုက်ခိုက်မှုကို ဧပြီလ ၁၈ ရက်နံနက် အစောပိုင်းတွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ယူကရိန်းတပ်မတော်၏ ဒရုန်းထုတ်လုပ်ရေး စက်ရုံနေရာကို တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုတိုက်ခိုက်မှုသည် အောင်မြင်မှုရရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အလားတူ ရုရှားတပ်မတော်သည် ပြီးခဲ့သည့်သီတင်းပတ်အကုန်ပိုင်းတွင်လည်း ထိုကဲ့သို့သော တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သေးကြောင်း၊ ယင်းတိုက်ခိုက်မှု၌ လက်နက်ထုတ်လုပ်ရေးစက်ရုံများ၊ လေတပ် စခန်းများ၊ ခဲယမ်းတိုက်များ၊ လေ့ကျင့်ရေးဌာနများ၊ ယူကရိန်းစစ်သည်များနှင့်ပြည်ပ  ကြေးစားစစ်သည်များ နေထိုင်နေသည့် နေရာများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့ကြား သဘောတူထားသည့် ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများကို တိုက်ခိုက်ခြင်း မပြုရန် ရက် ၃၀ ကြာ သဘောတူညီချက် သက်တမ်းကုန်ဆုံးပြီးနောက် ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: RT


#ThePillarMediaMyanmar 

#thepillarmedia 

#myanmapillar 

#ထောက်တိုင်မီဒီယာ

Comments