နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာ
ThePillarMediaMyanmar
ထောက်တိုင်မီဒီယာ
ဇွန်လ ၂၇၊ ၂၀၂၅
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းက မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံသို့သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Belmedpreparaty ဆေးဝါးစက်ရုံသို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Aliaksandr Khajayeu နှင့် စက်ရုံမှတာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး အဖွဲ့ဝင်များသည် စက်ရုံရှေ့၌ပြသထားသည့် ဆေးကုသရေးအထောက်အကူပြုမော်တော်ယာဉ်များအား လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိ လိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများဆောင်ရွက်ရာတွင်အသုံးပြုသည့် စက်ကိရိယာများပြခန်းတို့အတွင်း ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဆေးဝါးစက်ရုံအစည်းအဝေးခန်းမအတွင်းတွေ့ဆုံ၍ နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားနိုင်မည့်အခြေအနေများ၊ Belmedpreparaty ဆေးဝါးစက်ရုံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတို့ အသေးစိတ်ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ Belmedpreparaty ဆေးဝါးစက်ရုံသည် Minsk မြို့တွင်တည်ရှိပြီး ဝန်ထမ်းပေါင်း ၂၁၀၀ ကျော်ရှိသည့် ဘယ်လာရုစ်နိုင်ငံ၏ အကြီးဆုံးဆေးဝါးထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။
#thepillarmediamyanmar
#thepillarmedia
#konotchannel
#ထောက်တိုင်မီဒီယာ
#myanmapillar
Comments
Post a Comment